Probiotics နဲ့ Prebiotics က ဘာကွာသလဲ
အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေ နည်းစေဖို့နဲ့ ကျန်းမာကြံ့ခိုင်စေဖို့ Probiotics တွေကို လိုအပ်တဲ့အကြောင်းက လူသိများလာပါပြီ။ တချို့က Probiotics တွေကို ဖြည့်စွက်စာအနေနဲ့ သောက်သုံးကြတာမျိုးလည်း ရှိပါတယ်။ ဖြည့်စွက်စာတွေမှာ Probiotics သီးသန့်ပါတာ ရှိသလို Probiotics နဲ့ Prebiotics နှစ်မျိုးပါတဲ့ ဖြည့်စွက်စာတွေလည်း ရှိနေတဲ့အခါ အတူတူပဲလား၊ ဘာကွာသလဲ၊ ဖြည့်စွက်စာအနေနဲ့ပဲ သောက်လို့ရတာလား စသဖြင့် သိချင်ကြမယ် ထင်ပါတယ်။ ဒါဆိုရင် ဆက်ဖတ်လိုက်ကြရအောင်နော်။
Probiotics ဆိုတာက အူလမ်းကြောင်းအတွက် လိုအပ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပြီး တချို့သော အစားအစာတွေနဲ့ ဖြည့်စွက်စာတွေထဲမှာလည်း ပါဝင်နေတတ်ပါတယ်။
Prebiotics ဆိုတာကတော့ အစားအစာတွေကနေရတဲ့၊ အစာအိမ်နဲ့ အူလမ်းကြောင်းက မခြေဖျက်နိုင်တဲ့ အမျှင်ဓာတ်တွေ ဖြစ်ပြီး ထိုအမျှင်ဓာတ်တွေက အူထဲက အကျိုးပြုဘက်တီးရီးယားတွေရဲ့ အစာအာဟာရ ဖြစ်ပါတယ်။
Probiotics နဲ့ Prebiotics နှစ်မျိုးလုံးကို စားသုံးခြင်းဖြင့် အူလမ်းကြောင်းကို ကျန်းမာကြံ့ခိုင်စေသလို ကိုယ်ခံအားစနစ်ကိုလည်း အထောက်အကူ ပေးပါတယ်။
အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေက ဘာကောင်းကျိုးတွေ ဖြစ်စေလဲ?
- အန္တရာယ်ရှိတဲ့ ဘက်တီးတီးယားနဲ့ မှိုပိုးတွေရဲ့ ရန်ကနေ ကာကွယ်ပေးတယ်။
- အစာခြေစနစ်ကို ကောင်းစေတယ်။
- ကိုယ်ခံအားကောင်းစေတယ်။
- စိတ်ရောဂါတွေကို သက်သာစေတယ်။
- အာရုံကြောစနစ်ကို ကောင်းစေတယ်။
- အသားအရေကို ကျန်းမာစေတယ်။
- ဗိုက်တာမင် k နဲ့ အမိုင်နိုအက်ဆစ်တွေကို ထုတ်လုပ်ပေးတယ်။
- ဝမ်းလျှောဝမ်းပျက်နဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာတွေကို သက်သာစေတယ်။
Probiotics နဲ့ Prebiotics တွေကို စျေးကွက်ထဲမှာ ဖြည့်စွက်စာအနေနဲ့ ဆေးလုံး၊ ဆေးတောင့်၊ အမှုန့် စသဖြင့် ပုံစံအမျိုးမျိုး ရရှိနိုင်ပါတယ်။ အာနိသင်ရဖို့ ရောဂါခံစားရတဲ့ အခြေအနေပေါ် မူတည်ပြီး ရက်သတ္တပတ်ခန့်ကနေ သုံးလလောက်အထိ သောက်နိုင်ပါတယ်။ တစ်ရက်ကို 10-20 Billion CFU ခန့်သောက်ရင် လုံလောက်ပါတယ်။
Probiotics နဲ့ Prebiotics ဖြည့်စွက်စာတွေက စျေးကြီးပြီး လူတိုင်းသောက်ဖို့ လက်လှမ်းမမီရင်လည်း အားငယ်စရာ မလိုပါဘူး။ Probiotics နဲ့ prebiotics ပါဝင်တဲ့ အစားအစာတွေကို နေ့စဥ်ပါဝင်အောင် ဂရုတစိုက် စားသုံးနိုင်ရင် ရပါတယ်။
Probiotics ကြွယ်ဝတဲ့ အစားအစာတွေ…
အကြမ်းဖျင်းပြောရရင် အချဥ်ဖောက်ထားတဲ့ အစားအစာတွေက probiotics ကြွယ်ဝပါတယ်။
- ဒိန်ချဥ်
- ဆားခရောက် (ဂေါ်ဖီကို အချဥ်ဖောက်ထားတဲ့ အစားအစာ)
- ကီဖာ
- ကင်မ်ချီ
- ချဥ်ဖတ် စတဲ့ အစားအစာတွေ များများစားပါ။
Prebiotics ကြွယ်ဝတဲ့ အစားအစာတွေ…
Prebiotics ကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ကြက်သွန်မိတ်
- အုတ်ဂျုံ
- ကညွတ်
- မှို
- ငှက်ပျောသီး
- ဘယ်ရီသီး
- ပဲအမျိုးမျိုး စတာတွေ များများစားဖို့ လိုပါမယ်။
Probiotics နဲ့ Prebiotics က မတူပေမယ့် အူလမ်းကြောင်းနဲ့ ခန္ဓာကိုယ်ကို အတူတကွ ပူးပေါင်းအကျိုးပြုကြတဲ့ အရာတွေပါ။ အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးတီးရီးယားတွေက ရှိသင့်ရှိထိုက်တဲ့ ပမာဏ ရှိမှသာ အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာတွေကင်းဝေးပြီး ကျန်းမာကြံ့ခိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်